COVID-19 လုပ်ငန်းများအတွက် အစိုးရညှိနှိုင်းရေးကော်မတီနှင့် လက်တွဲရန် ပြင်ဆင်ထားဟု NCA-S EAO အဖွဲ့ပြော

0
123

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အစိုးရကဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေးကော်မတီနဲ့ NCA ပြဋ္ဌာန်းချက်တွေအတိုင်း လက်တွဲညှိနှိုင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (NCA-S EAO)ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့(PPWT) ရဲ့ ခေါင်း‌ဆောင် ဆလိုင်းထလာဟေးက ပြောပါတယ်။ မေ(၈)ရက်က အစိုးရညှိနှိုင်းရေးကော်မတီနဲ့ NCA-S EAO အဖွဲ့တို့ Video Conferencing နဲ့ ပြုလုပ်တဲ့ အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ ဆလိုင်းထလာဟေးက အခုလိုပြောကြားခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း သက်ဆိုင်ရာဒေသတွေမှာ COVID-19 ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ အဲဒီညှိနှိုင်းအစည်းအဝေးမှာ COVID-19 နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်(၅)ခုကို ဆွေးနွေးခဲ့တယ်လို့လည်း အစည်းအဝေးတက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။ “ ကိုဗစ်နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်(၅) ခုကို ဆွေးနွေးခဲ့တာပေါ့။ ကာကွယ်ရေး၊ ကုသရေး၊ ရွှေ့ပြောင်းလုပ်သားတွေ၊ နောက် နိုင်ငံတကာ အကူအညီနဲ့ အထွေထွေကိစ္စရပ်တွေပေါ့။ ဒီကိစ္စတွေ ဆွေးနွေးပါတယ်။ ဆုံးဖြတ်ချက်ကတော့ (၇) ခုရှိတယ်။ အားလုံးကတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့တွေပါပဲ”လို့ ဦးလှမောင်ရွှေကပြောပါတယ်။ မေ(၁၁)ရက်ကစပြီး NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ချင်းစီနဲ့ ထပ်ပြီး ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း ဦးလှမောင်ရွှေက ပြောကြားခဲ့ပါတယ်။