ကလေးငယ်များကို ကာကွယ်ဆေးပြန်လည်ထိုးပေးနိုင်ရေးဆောင်ရွက်ရန် စဉ်းစားနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

0
247

COVID-19 ကြောင့် ရပ်ဆိုင်းထားရတဲ့ အသက်(၅)နှစ်အောက်အရွယ် ကလေးငယ်တွေကို ကာကွယ်ဆေးထိုး ပေးဖို့နဲ့ ရာသီအလိုက်ရောဂါကာကွယ်ဆေးတွေကို ပြန်လည်ထိုးပေးနိုင်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မေ(၈)ရက်ကပြုလုပ်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ကလေးမြို့ ကုတင်(၃၀၀)ဆံ့ဆေးရုံအုပ်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ အပြန်အလှန်ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

“ ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့လည်း တိုင်ပင်လိုက်ပါ့မယ်။ ကိုဗစ်ကိုလည်း ကြည့်နေရတော့ ဘယ်လိုပုံစံတွေနဲ့ လုပ်ရင် ဖြစ်မြောက်နိုင်မလဲ ဆိုတာကို မုံရွာအတွက်တင်မဟုတ်ဘူး တစ်တိုင်းပြည်လုံးအတွက် စဉ်းစားရမှာပါ။ ရာသီအလိုက်ဖြစ်ပေါ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ သတိပေးထားပါတယ်။ COVID-19 ဖြစ်တာနဲ့ တခြားရောဂါတွေ မဖြစ်တာမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ကြီး ဌာနကတော့ မိုးကျရင် ဖြစ်တတ်တဲ့ ရောဂါတွေအတွက် တတ်နိုင်သမျှ ထည့်တွက်ထားပါတယ်။ ကလေးတွေ ကာကွယ်ဆေးကိစ္စကိုလည်း တစ်တိုင်းပြည်လုံးအတွက် စဉ်းစားပါ့မယ်” လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကဆိုပါတယ်။

ဆွေးနွေးပွဲမှာပါဝင်တဲ့ ကလေးအထူးကုဆရာဝန်ကြီး(ငြိမ်း) ဒေါက်တာ မြင့်မြင့်သိန်းက မုံရွာမြို့ ဒေသန္တရ ဆေးခန်းတွေမှာ ပုံမှန်ကာကွယ်ဆေး ထိုးပေးနေတာတွေရှိပေမယ့် COVID-19 ဖြစ်ပွားနေမှုကြောင့် ကလေး မိဘတွေက ကာကွယ်ဆေးထိုးတာ နောက်ကျမှာကို စိုးရိမ်နေတာတွေရှိနေတယ်လို့ ထည့်သွင်းတင်ပြသွား တာပါ။

အခုနှစ် ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်မှာ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ ငါးမျိုးစပ် ကာကွယ် ဆေးတွေကိုပါ ထည့်သွင်းထိုးနှံပေးတာဖြစ်ပါတယ်။