မင်းရာဇာကို မုဒိမ်းမှုဖြင့် ထပ်မံ တရားစွဲ

0
503

အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို အရှေ့ပိုင်းခရိုင်တရားရုံးမှာ မေလ (၈)ရက်က တရားစွဲတင်လိုက်တယ်လို့ အိမ်အကူမိန်းကလေးရဲ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

” ဒီမှာက မုဒိမ်းမှုက မင်းရာဇာတစ်ယောက်တည်းနဲ့ သက်ဆိုင်တာမို့ မုဒိမ်းမှုနဲ့ တရားစွဲတင်တာ ” လို့ ဦးရောဘတ်စန်းအောင်က မီဒီယာတွေကို ပြောပါတယ်။

အမှုမှာ တရားလို၊ ရှာဖွေသက်သေ၊ မှုခင်းဆရာဝန် နဲ့ အမှုစစ် ရဲအရာရှိ အပါအဝင် တရားလိုပြသက်သေ (၁၀) ဦး ခန့်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီအမှုကို မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်ပြီး စစ်ဆေးမှာ ဖြစ်လို့ အမှုမြန်ဆန်ဖွယ် ရှိတယ်လို့ ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောပါတယ်။ အမှုရုံးချိန်းကိုတော့ မေလ (၂၂) ရက်ကို ချိန်းဆိုထားပါတယ်။

မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာလည်းသရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူ၊ ယောက္ခမဖြစ်သူ နဲ့ မန်နေဂျာတို့ (၄) ဦးကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ၊ ပူးပေါင်းပါဝင်မှု ပုဒ်မတွေနဲ့ တရားစွဲတင်ပြီး မင်းရာဇာရဲ့ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးကို အာမခံ ပေးထားပါတယ်။
သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့် (ခေါ်) ဇူးဇူး နဲ့ အောင်လွင်စိုး (ခေါ်) ရခိုင်လေးတို့ (၃) ဦးကို ဧပြီ (၉) ရက် ညပိုင်းက မြဝတီမြို့နယ်အတွင်းက DKBA နယ်မြေမှာ ဖမ်းမိခဲ့ပြီး ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးကို ဧပြီ (၈) ရက်က နေအိမ်မှာ ဖမ်းမိခဲ့တာပါ။ ကျူးလွန်ခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေး ကတော့ မြောက်ဥက္ကလာ မေဓာဝီဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။