မြန်မာကဆန်များကိုတရုတ်နိုင်ငံကိုပြန်လည်တင်ပို့ခွင့်ရပါပြီ

0
316

မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံကို နေ့စဉ် ဆန်အိတ်(၇၀၀၀)ခန့် ပြန်လည်တင်ပို့နေတယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းကပြောပါတယ်။ အဲဒီလို တင်ပို့တာတွေကို မေ (၁၁)ရက်က စတင်ခဲ့တာဖြစ်ပြိး တရုတ်နိုင်ငံဘက်ကလည်း ဆန် ဝယ်လိုအားရှိနေတာကြောင့် နောက်ပိုင်းမှာ ပိုမိုတင်ပို့နိုင်မှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။
“ တစ်နေ့ကို အိပ်(၇၀၀၀) လောက် သွားနေတယ်။ ပိုးမွှားသန့်စင်ကြောင်းကိုတော့ လိုင်အသစ်အတွက်ဆိုရင် ရန်ကုန်ကဆို ရန်ကုန်ကနေ စာရွက်အစုံ တခါတည်းပေးလိုက်တာ။ နေပြည်တော်မှာ သွားလုပ်စရာမလိုဘူး။ ရုံးခွဲတွေရှိတယ်။ မန္တလေးဆိုလည်း အဲလိုပဲ။” လို့ ဦးမင်းသိန်းက ပြောပါတယ်။
လက်ရှိ တရုတ်နိုင်ငံကိုတင်ပို့ရောင်းချ ရောင်းချနေတဲ့ဆန်တွေက မေလအတွင်း နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်း တင်ပို့ဖို့အစိုးရက ခွင့်ပြုထားတဲ့ ဆန်တန်ချိန် (၅၀၀၀၀)ထဲက ဆန်တွေဖြစ်ပါတယ်။ အခုလို တင်ပို့မှုအတွက် အစိုးရကို အရန်ဆန်(၁၀)ရာခိုင်နှုန်းပေးသွင်းရမှာ ဖြစ်တယ်လို့ ဦးမင်းသိန်းကပြောပါ တယ်။
မတ်လ (၂၃)ရက် နောက်ပိုင်း မူဆယ် (၁၀၅)မိုင် စိုက်ပျိုးရေးဌာနက ထုတ်ပေးတဲ့ ထောက်ခံချက်ကို တရုတ်နိုင်ငံဘက်က လက်မခံ တော့ဘဲ နေပြည်တော် စိုက်ပျိုးရေး ၊ မွေးမြုရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရဲ့ထောက်ခံချက် လက်မှတ်ကိုပဲ လက်ခံမယ်ဆိုပြီး ကန့်သတ်ခဲ့ပါတယ်။ အဲဒီအတွက် တရုတ်ပြည် ကျယ်ဂေါင်မှာ ဆန်တန်ချိန် (၅၀၀၀) ပိတ်မိနေပြီး အဲဒီအတွက် ပိုမွှားကင်းစင်ကြောင်း ထောက်ခံချက် လက်မှတ်ရဖို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ မူဆယ် ၁ဝ၅ မိုင် ဆန်စပါးကုန်စည်ဒိုင်က သိရပါတယ်။